HR တွေရဲ့ SSB တွက်ခြင်း

H

ကျွန်တော်တို့ ဝန်ထမ်းလစာတွက်ချက်တဲ့အခါမှာ ဝန်ထမ်းရဲ့ခံစားခွင့်တွေဖြစ်တဲ့ အခြေခံလစာ၊ လုပ်သက်ဆုကြေး၊ ကျွမ်းကျင်မှုကြေး၊ လမ်းစရိတ်၊ အချိန်ပိုကြေး တို့အားပေါင်းလိုက်လျှင် စုစုပေါင်းလစာရမယ်။ အဲဒီ စုစုပေါင်းလစာထဲမှ ဝန်ထမ်းပေးဆောင်ရမယ့် ဝင်ငွေခွန်၊ လူမှုဖူလုံရေးကြေး (SSB) ၊ ခွင့်မဲ့တွေ၊ ကြိုထုတ်ငွေတွေကို နှုတ်လိုက်မယ်ဆိုရင် ဝန်ထမ်းလက်ထဲကို ရောက်လာမယ့် အသားတင်လစာဆိုပြီးဖြစ်လာပါတယ်။ လူမှုဖူလုံရေးကြေး (SSB) ဘယ်လိုနှုတ်ဖြတ်သလဲဆိုတာလေး မျှဝေပေးမှာဖြစ်ပါတယ်။
လူမှုဖူလုံရေးမှာ အာမခံစနစ် (၆) မျိုးရှိပါတယ်။
(၁) ကျန်းမာရေးနှင့်လူမှုရေးစောင့်ရှောက်မှု အာမခံစနစ်
(၂) မိသားစုထောက်ပံ့မှု အာမခံစနစ်
(၃) အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှု၊ သက်ကြီးပင်စင်နှင့် ကျန်ရစ်သူအကျိုးခံစားခွင့် အာမခံနစ်
(၄) အလုပ်လက်မဲ့အကျိုးခံစားခွင့်
(၅) အခြားလူမှုဖူလုံရေးစနစ် (အိမ်ယာစီမံကိန်း)
(၆) အလုပ်တွင်ထိခိုက်မှုအကျိုးခံစားခွင်အာမခံနစ်
အာမခံနစ် (၆) မျိုးပြဌာန်းထားပေမယ့် လက်ရှိမှာ (၃)မျိုးကိုပဲ ပေးဆောင်စေသေးပါတယ်။
“ကျန်းမာရေးနှင့်လူမှုရေးစောင့်ရှောက်မှုနှင့် မိသားစုထောက်ပံ့မှု အာမခံစနစ်” (၂)ခုပေါင်းထားပြီး အလုပ်ရှင်က (၂%)၊ အလုပ်သမားက (၂%) ထည့်ဝင်ကြေးပေးဆောင်ရပါတယ်။ နောက်တစ်ခုက အလုပ်ရှင်ကပဲ “အလုပ်တွင်ထိခိုက်မှုအကျိုးခံစားခွင်အာမခံနစ်”ကို ဝန်ထမ်းတွေအတွက် (၁%) ပေးဆောင်စေရပါတယ်။ ဒါကြောင့် အလုပ်ရှင်က (၃%)၊ အလုပ်သမားက (၂%) ဆိုပြီးဖြစ်လာပါတယ်။ နောက်တစ်ခုက လူမှုဖူလုံရေးကြေး (SSB)ကို အခြေခံလစာအပေါ်မှာသာပေးဆောင်ရပြီး အခြေခံလစာအများဆုံး ၃သိန်းအပေါ်မှာ တွက်ချက်ပေးရပါတယ်။ ဒါကြောင့် ဝန်ထမ်းက အခြေခံလစာ ၅သိန်းပဲရရ ၁၀သိန်းပဲရရ ၃သိန်းအပေါ်မှာသာဆောင်ရတော့ ၆,၀၀၀ ကျပ်လို့သတ်မှတ်လို့ရပြီး အလုပ်ရှင်ကတော့ (၃%) ဖြစ်တော့ ၉,၀၀၀ ကျပ်လို့ သတ်မှတ်လို့ရပါတယ်။ အခြေခံလစာ ၃သိန်းအောက်ဝန်ထမ်းတွေကတော့ ၆,၀၀၀ ကျပ်ထက်လျော့မှာဖြစ်ပြီး အလုပ်ရှင်ကလည်း ၉,၀၀၀ ကျပ်ထက်လျော့မှာဖြစ်ပါတယ်။
လူမှုဖူလုံရေးကြေး (SSB)ကို ဘယ်လိုဆောင်ရသလဲဆိုရင် လစဉ်ဆောင်ရပါတယ်။ ကိုယ့်လုပ်ငန်းရဲ့ မြို့နယ်မှာရှိတဲ့ လူမှုဖူလုံရေးရုံးမှာ လစဉ်ပေးဆောင်ရပါတယ်။ ဝန်ထမ်းအသစ်တစ်ယောက်ဝင်ပြီးဆိုတာနဲ့ လူမှုဖူလုံရေးရုံးကပေးထားတဲ့ SSB Form မှာဝန်ထမ်းအသစ်ရဲ့ ကိုယ်ရေးအချက်အလက်တွေဖြည့်ပေးရပါတယ်။ နာမည်၊ ရာထူး၊ လစာ နဲ့ ကိုယ်ရေးအချက်အလက်တချို့အား ဖြည့်ပေးရပါတယ်။ ဝန်ထမ်းအသစ်ဝင်ရင် အဝင်စာရင်းတင်ပေးရသလို၊ ဝန်ထမ်းထွက်ရင်လည်း အထွက်စာရင်းပါ လစဉ်တင်ပေးရပါတယ်။ လူမှုဖူလုံရေးကြေး (SSB) ပေးဆောင်ရာတွင်လည်း ဒုတိယလပတ်မကျော်ခင်ပေးဆောင်ရပါတယ်။ သတ်မှတ်ထားတဲ့ရက်ကျော်လွန်ပါက ဒဏ်ကြေးပေးဆောင်ရပါတယ်။
လူမှုဖူလုံရေးကြေး (SSB)ကတော့ လုပ်ငန်းတိုင်းမဆောင်မနေရပါ။ အဓိကထည့်ဝင်ကြေးပေးရတဲ့ ရည်ရွယ်ချက်ကတော့ အခြေခံလူတန်စားတွေ၊ ငွေကြေးမတက်နိုင်တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ လုပ်ငန်းခွင်မှာ ထိခိုက်ဒဏ်ရာ ရမှုတွေအတွက် ဝန်ထမ်းတွေမနစ်နာစေဖို့နဲ့ လုပ်ငန်းကိုမထိခိုက်စေဖို့ ကြားထဲကအစိုးရ စီစဉ်ပေးထားတဲ့ လူမှုရေးကိစ္စဖြစ်ပါတယ်။ ထည့်ဝင်ကြေးထည့်ထားတဲ့ ဝန်ထမ်းတွေအတွက်ကတော့ နေမကောင်းတဲ့အခါမှာ လူမှုဖူလုံရေးဆေးခန်းတွေမှာ အခမဲ့ပြသခွင့်ရခြင်း၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် ငွေကြေးပြန်လည်ထုတ်ပေးခြင်း၊ အမျိုးသားကတော့ ဖခင်စောင့်ရှောက်ခွင့်အနေဖြင့် ခွင့် (၁၅)ရက်ခံစားခွင့်ရရှိခြင်း၊ လုပ်ငန်းခွင်မှာ ထိခိုက်မိသောဝန်ထမ်းအတွက် အလုပ်ရှင်မှ သီးသန့် လျော်ကြေးပေးစရာမလိုဘဲ လူမှုဖူလုံရေးရုံးက စီမံပေးခြင်း စသည့်ကောင်းကျိုးများစွာရှိစေပါတယ်။
လူမှုဖူလုံရေးအဖွဲ့ဝင်ထားသူများကို လူမှုဖူလုံရေး (SSB) ကဒ်ပြန်လည်ထုတ်ပေးပါတယ်။ ဝန်ထမ်းကိုယ်တိုင် သိမ်းထားရမည်ဖြစ်ပြီး အရေးအကြောင်းရှိလို့ သုံးချင်ရင် ကဒ်ပြမှသာ လူမှုဖူလုံရေးရုံးက ခံစားခွင့်တွေကိုစီမံပေးမှာဖြစ်ပါတယ်။ ဒါကြောင့် ကဒ်ပျောက်လို့မရပါဘူး။ ကဒ်ပျောက်လျှင်လည်း ဒဏ်ကြေးဆောင်ပြီး အသစ်ပြန်လုပ်ရပါတယ်။ နောက်တစ်ခုအရေးကြီးတာက လူမှုဖူလုံရေး (SSB) ကဒ်မှာ မိမိဟာ တစ်ဆက်တည်းလုပ်သက်တွေရှိနေရပါမယ်။ တကယ်လို့ အလုပ်တစ်ခုမှ နောက်တစ်ခုသို့ ပြောင်းရင် ထိုကဒ်ကို နောက်အလုပ်မှာပြန်သုံးရပါတယ်။ ဖြစ်နိုင်ရင် ကဒ်နံပါတ်တော့ အလွတ်ရအောင်မှတ်ထားသင့်ပါတယ်။
ဘာကြောင့်လည်းဆိုရင် လစဉ်ထည့်ဝင်ကြေးတွေရှိနေတာကြောင့် ငွေစုဆောင်းထားသကဲ့သို့ဖြစ်နေပါတယ်။ လောလောဆယ်မသုံးရသေးပေမယ့် နောင်တစ်ချိန်အရေးကြုံလာလို့ သုံးမယ်ဆိုရင် ထည့်ဝင်ကြေးတွေအများကြီးရှိနေတာကြောင့် ခံစားခွင့်ကောင်းကောင်းတွေ ရရှိစေမှာဖြစ်ပါတယ်။ ဒါကြောင့်လစာတွက်ချက်ရာမှာ လစဉ် လူမှုဖူလုံရေးကြေး (SSB)အား ထည့်သွင်းတွက်ချက်ရခြင်းဖြစ်ပါတယ်။

About the author

Add comment

By admin